မိုးတွင်းမှာအဖြစ်များတတ်တဲ့ ကားပြဿ နာ ၃ ခု နဲ့ ရှောင်ရမယ့် အချက် ၆ ခု။

ကားတွေကိုအမျိုးအစားခွဲခြားလိုက်ရင် အိမ်စီးကား နဲ့ လုပ်ငန်းသုံးကားဆိုပြီးနှစ်မျိုးတွေ့ရမယ်။ အိမ်စီးကားထဲမှာမှ Sedan ၊ Sport Utility Vehicle ၊ Off Road Vehicle နဲ့ Economic Vehicle (1.3 L အောက်) ဆိုပြီးခွဲလို့ရတယ်။ ကားဆိုတာစက်ပစ္စည်းတွေအများကြီးနဲ့ တည်ဆောက်ထားတာမို့ ပုံမှန်ပြုပြင်ထိန်းသိမ်းမှုတွေ လုပ်နေတာတောင်မှ ပျက်တတ်ပါတယ်။ ခုလို မိုးတွင်းမှာဆိုရင်တော့ လမ်းမကောင်းတာ နဲ့ လမ်းရေကြီးတာ တွေကြောင့် ကားကိုပိုမိုဂရုစိုက်မောင်းနှင်ဖို့လိုပါတယ်။ ကားဟောင်းတွေများတဲ့ ရန်ကုန်မှာ အဖြစ်များတဲ့ ပြဿနာ ၃ ခုကိုဖော်ပြပေးချင်ပါတယ်။

၁။ တိုင်းရော့၊ ဘောဂျွိုင်း စသော အောက်ပိုင်းပစ္စည်းများ ပျက်စီးခြင်း

ရေကြီးလို့လမ်းတွေပျက်၊ ပျက်တဲ့လမ်းတွေပေါ်မောင်းတော့ ကားအောက်ပိုင်းကဘယ်ခံနိုင်တော့မလဲ။ ချိုင့်တွေ၊ လှိုင်းတွေကိုဖြတ်ပြီးမောင်းတာများရင် တိုင်းရော့၊ဘောဂျွိုင်း၊ကွိုင်စပရင်၊ ရှော့ဘား စတဲ့ အောက်ပိုင်းပစ္စည်းတွေချောင်လာပါလိမ့်မယ်။ ဒါကြောင့် မိုးတွင်းမှာ ကားမသုံးခင် မိမိရဲ့အောက်ပိုင်းကိုသေချာစစ်ဆေးသင့်ပါတယ်။ ကားတစ်စီးရဲ့ အောက်ပိုင်းမကောင်းရင် ယာဉ်မတော်တဆမှု ပိုမိုဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ရင် ခရီးဝေးမသွားခင် စစ်ဆေးပြီး လိုအပ်ရင် အသစ်လဲပါ။

၂။ ဘရိတ်စနစ်ချို့ယွင်းခြင်း

ယာဉ်မောင်းရှေ့ကဒိုင်ခွက်ထဲမှာ ABS VSC TRC စတဲ့ စကားလုံးတွေ အဝါရောင်ပေါ်ပြီးလင်းနေရင် ၀ပ်ရှော့ကို ချက်ချင်း သွားပါ။ မိုးတွင်းမှာ ဘရိတ်ကောင်းကောင်းအလုပ်မလုပ်ပဲ ကားမမောင်းပါနဲ့။ ဥပမာ ABS စနစ်ချို့ယွင်းနေရင် ကား Slip ဖြစ်တဲ့အချိန် စတီယာရင်ကို ထိန်းချုပ်နိုင်မှာမဟုတ်ဘူး။ ဒါဆို ရှေ့ကအတားအဆီးကို မရှောင်နိုင်ပဲ ၀င်တိုက်မိမှာပါ။များသောအားဖြင့် ဘရိတ်ဆင်ဆာ (Wheel speed sensor) တွေ ပျက်လို့ ဘရိတ်စနစ်ချို့ယွင်းမှုဖြစ်တတ်ပါတယ်။ Diagnostic Tester တွေသုံးပြီး အပြစ်ရှာရမယ်။ ပြီးရင်လိုအပ်တဲ့ ဆင်ဆာ၊ ကြိုး၊ မော်တာ စတာတွေကို လဲလှယ်ပါ။ မပေ့ါပါနဲ့။ Diagnostic Tester ကိုသုံးပြီး ကောင်းကောင်းအပြစ်ရှာတတ်တဲ့ ၀ပ်ရှော့မျိုးကို ရွေးပါ။

၃။ စတီယာရင်စနစ်ချို့ယွင်းခြင်

EPS လို့ခေါ်တဲ့ မော်တာစနစ်နဲ့ အလုပ်လုပ်တဲ့ စတီယာရင်တွေ အပျက်များပါတယ်။ ဟိုက်ဒရောလစ်ဆီကို မသုံးပဲ လျှပ်စစ်ကိုသုံးပြီး အလုပ်လုပ်တာကြောင့် ရေ၀င်သွားတာနဲ့ တစ်ခုလုံး ပျက်တာပဲ။ 1.3L ကားသေးတော်တော်များများနဲ့ Crown Celsior စတဲ့ ကားတွေမှာ ဒီလို EPS စတီယာရင် စနစ်ပါတတ်တယ်။

ဒီစနစ်ချို့ယွင်းရင် ပါဝါစတီယာရင် အလုပ်မလုပ်တော့ဘူး။ ကားစတီယာရင်ကို အသုံးပြုရတာ အရမ်း ခက်ခဲလာလိမ့်မယ်။ ယာဉ်မောင်းတဲ့သူ အနေနဲ့ စတီယာရင်ကိုင်ရတာခက်လာရင်၊ မာလာရင်၊ ကျပ်လာရင် မိမိပြနေကျ ၀ပ်ရှော့ကို အမြန်သွားပါ။ ပြီးရင် စစ်ဆေးစက် Diagnostic Tester သုံးပြီး အပြစ်ရှာပါ။

မိုးတွင်းမှာကားမောင်းရင် ရှောင်ရမယ့် အချက်မျာ

အထက်ကဖော်ပြခဲ့တဲ့ ပြဿနာတွေကို မကြုံချင်ရင် အောက်ပါအချက်တွေကို သတိရပါ။

၁။ မိုးရေထဲ ကားမောင်းရင် ဖြည်းဖြည်းမောင်းပါ။

၂။ မိမိကားရှေ့ Bumper ထက်ပိုပြီး ရေကြီးနေတဲ့ လမ်းမှာ မမောင်းပါနဲ့။

၃။ ရှေ့မီးကြီးဖွင့်မောင်းပါ။

၄။ ရေကြီးနေတဲ့ လမ်းပေါ်မှာ ကားရပ်မထားခဲ့ပါနဲ့။ မိမိကားရှေ့ Bumper ထက်ပိုပြီး ရေကြီးလာရင် ကားရဲ့ ဂီယာစနစ်၊ စတီယာရင်စနစ်တွေပျက်စီးသွားပါလိမ့်မယ်။

၅။ မိုးရွာထဲကားမောင်းနေရင်း ရုတ်တရက်ကားစက်ရပ်သွားရင် စက်ပြန်နှိုးဖို့မကြိုးစားပါနဲ့။ ဖြစ်နိုင်ရင် အနီးစပ်ဆုံး၀ပ်ရှော့ သို့မဟုတ် မိမိပြနေကျ ၀ပ်ရှော့ကို ဖုန်းဆက်အကူအညီတောင်းပါ။

၆။ ရေဖုံးနေတဲ့ လမ်းမှာ ချိုင့်တွေကိုမမြင်ရပါဘူး။ ပြီးတော့ အလုပ်လုပ်လက်စမို့လို့ ပြန်မဖုံးထားခဲ့တဲ့ အပေါက်တွေကိုလည်း မမြင်ရနိုင်ဘူး။ ဒါကြောင့် သွားနေကျလမ်းမဟုတ်ရင် မိမိကားရှေ့မှာ ကားတစ်စီးထားပြီးတော့ မောင်းပါ။