များသောအားဖြင့်တော့ အင်ဂျင်ခန်းအနိမ့်ကားတွေမှာဖြစ်တတ်ပါတယ် ။ အဲ့ပြဿနာကတော့(Hydro lock) လို့ခေါ်တဲ့အင်ဂျင်မီးလောင်ခန်းထဲမှာရေတွေဝင်ပြီး ပိတ်လှောင်မိတဲ့ပြဿနာပါ ။

🍄Hydro lock ဆိုတာဘာလဲ?

Hydro lock ဆိုတာက သင်ရေထဲမှာကားမောင်းနေလို့ သင့်အင်ဂျင်ခန်းက ရေထဲမြုပ်သွားမယ်ဆို အင်ဂျင်တလုံးရဲ့ လည်ပတ်ပုံစနစ်ဖြစ်တဲ့ လေနဲ့ဆီ အရောအနှော (ဝါ ) လေဝင်တဲ့ Inlet ပေါက်ကနေ ရေတွေဝင်လာပြီး ၊ နောက် အဲ့ရေတွေက Cylinder ထဲရောက် ၊အဲ့အချိန် Piston ကနေ အဲ့ဒီရေတွေကိုသွားပြီး ဖိသိပ်မိရာကနေ ရေထောင်ချောက်မိတဲ့ ပြဿနာပါပဲ ။ ဘာကြောင့် လဲဆိုရင် ရေဆိုတာဟာ Hydraulic အမျိုးအစားထဲပါဝင်ပြီး ပမာဏအနည်းငယ်မှလွဲ၍ ဖိသိပ်၍မရနိုင်ပါဘူး ။ ဖိသိပ်လို့ မရတဲ့ရေကို ဖိသိပ်မှုအားပြင်းတဲ့အင်ဂျင်ထဲထည့်ပြီး ဖိသလိုဖြစ်သွားခဲ့သည့်အခါဘာပြဿနာတွေရှိနိုင်လဲ ?

🍄အရှိန်များများနဲ့မောင်းနေချိန်
ကရိုင်း (crankshaft) နဲ့ ပစ်စတင်( Piston) ကြားထဲမှာရှိတဲ့ (connecting rod )ကွန်းနက်တင်း တွေကွေးကောက်သွားခြင်း၊ဒါမှမဟုတ်ကျိုးပဲ့သွားခြင်းဖြစ်ပါမယ်။

ကရိုင်း (crankshaft) ကွေးသွားမယ် ကောက်သွားမယ် ။

ဆလင်ဒါဟက် (cylinder head) နဲ့ အင်ဂျင် ဘလောက် (engine block) တွေကိုတွဲထားတဲ့ မူလီတွေ ဆွဲဆန့်သလိုဖြစ်သွားမယ် ၊ ပျော့သွားမယ် အဝင်နဲ့အထွက်ဘားတွေ (intake and/or exhaust valves) ကသူတို့ရဲ့ဘားအထိုင်တွေကို ထိုးပြီးထွက်သွားမယ် ပလပ် (spark plug) အရစ်တွေပျက်ဆီးပြီး အပြင်ကိုရုတ်တရက်ထွက်သွားမယ်ပစ်စတင်( piston )ရဲ့အပေါ်မျက်နှာပြင်တွေ ကွေးသွားမယ်
ဆလင်ဒါဟက်(cylinder head) လည်း ကွေးသွားမယ် ၊ ကွဲသွားမယ်ကင်းရှပ် (Camshaft) တွေလည်းကျိုးသွားနိုင်ပါတယ်။ အင်ဂျင် ဘလောက်လည်းကွဲတာအက်တာဖြစ်နိုင်ပါတယ် ။

ရေထဲမှာအရှိန်နဲ့မောင်းနေတုန်း ရေဝင်ပြီး Hydro lock ဖြစ်သွားရင် အထက်ပါအချက်တွေထဲကတခုထဲ ဖြစ်စေ ဒါမှမဟုတ်မောင်းတဲ့အရှိန်ကိုမူတည်ပြီး အင်ဂျင်တခုလုံးပျက်စီးမှုတွေဖြစ်နိုင်ပါတယ် ။ အင်ဂျင်တခုလုံးလဲရတာမျိုးလည်း ဖြစ်နိုင်ပါတယ် ။

🍄အရှိန်နည်းနည်းနဲ့မောင်းနေရင်
 
အင်ဂျင်အစိတ်အပိုင်းတွေမပျက်စီးဘဲ ရုတ်တရက်ကားစက်ထိုးရပ်သွားတာမျိုးပဲဖြစ်နိုင်ပါတယ် ။
အဲ့ဒါဆိုရင်တော့ပထမဆုံး ပလပ်အားလုံးကိုချွတ်လိုက်ပြီး အတွင်းမှာအောင်းနေတဲ့ဖိအားတွေကို ပလပ်အပေါက်တွေကနေ လျော့သွားပါစေ။

အင်ဂျင်ကို လက်နဲ့ဖြစ်စေ ၊ Starter Motor နဲ့ဖြစ်စေ အပတ်ရေအနည်းငယ်လှည့်ပေးပါ ။
နောက်ဆလင်ဒါထဲက ရေတွေကို အဆင်ပြေတဲ့နည်းနဲ့ စုပ်ထုတ်ရပါမယ် ။
ပလပ်တွေကိုခြောက်သွေ.အောင်လုပ်ပေးပါ ။

အခြားချို.ယွင်းချက်များမရှိပါက ပြန်တပ်ပြီးစက်ပြန်နိုးလို့ရနိုင်ပါတယ် ။

🍄ကားရပ်ထားတုန်း အင်ဂျင်ထဲရေဝင်သွားရင်
 
ကားရပ်ထားတုန်း အင်ဂျင် ဆလင်ဒါထဲ ရေတွေဝင်နေမယ် ၊ အဲ့ဒါကိုသတိမမူဘဲကားစက်နှိုးမယ်ဆိုရင်တော့ ကားအင်ဂျင်အစိတ်အပိုင်းတွေဘာမှမဖြစ်ပါဘူး ၊ Starter ပဲလောင်သွားပါလိမ့်မယ် ။ ဘာဖြစ်လို့လဲဆိုရင် starter mechanism's torque လို့ခေါ်တဲ့ starter motor ရဲ့ လည်ကိန်းဟာ engine's operating torque အင်ဂျင်အလုပ်လုပ်တဲ့လည်ကိန်းထက်နည်းနေတာမို့ မနိုင်ဝန်ကိုအတင်းထမ်းခိုင်းသလိုဖြစ်ပြီး လောင်သွားတာပါ။

🍄ဂီယာဘောက်(ATF) ထဲ ရေ၀င်သွားတတ်ပါတယ်

ရေတက်တဲ့နေရာတွေမှာ ကားမောင်းရင် ဂီယာဘောက်ထဲလည်း ရေ၀င်တတ်ပါတယ် ၊ မိုးရာသီရေတွေကြီးတဲ့ အချိန် ရေထဲဖြတ်မောင်းပြီး နောက်ရက် ဂီယာအချိန်းအပြု အဆွဲအရုန်း တမျိုးမျိုးထူးခြားတာ ဖြစ်တယ် ၊ ဂီယာစောင့်တာမျိုးဖြစ်တယ်ဆိုရင် (ATF) ဂီယာဝိုင် ဂိတ်တံက တဆင့် ဂီယာဝိုင်အခြေအနေကို တိုင်းတာစစ်ဆေးသင့်ပါတယ် ။

🍄ABS မီးတွေ လင်းလာတတ်ပါတယ်
ရေတက်နေတဲ့ နေရာတွေကို ဖြတ်မောင်းပြီးရင် ဖြစ်လေ့ဖြစ်ထရှိတဲ့ နောက် Error တမျိုးကတော့ ABS မီးလင်းလာတာမျိုးပါ ၊ ဒါမျိုးကတော့ ဖြစ်လေ့ဖြစ်ထရှိပြီး ၊ အဓိကကတော့ ABS စနစ်ရဲ. Wheel Speed Sensor တွေရေစိုသွားရင် ဖြစ်တတ်တာမျိုးပါ ။

ပုံမှန်အားဖြင့်တော့ ရေခြောက်သွားတဲ့အချိန်မှာ ABS မီးတွေ ပြန်ပျောက်သွားတတ်ပါတယ် ၊ ကားခြောက်သွေ့သွားတဲ့ထိတိုင် ABS မီးတွေလင်းနေသေးတယ်ဆိုရင်တော့ ကျွမ်းကျင်၀ပ်ရှော့တွေမှာ ပြသစစ်ဆေးရမှာဖြစ်ပါတယ် ။

ရေစိုလို့ဖြစ်တတ်တဲ့ ABS မီးလင်းတာမျိုးကတော့ Wheel Speed Sensor တွေကို ဖြုတ်ဆေးကျောရုံနဲ. ကောင်းသွားတတ်ပါတယ် ။

ရေထဲကားဖြတ်မောင်းနေတုန်း လေဝင်ပေါက်ကနေ အင်ဂျင်ဆလင်ဒါထဲကို ရေဝင်သွားရင်ဖြစ်လာနိုင်တဲ့ ကြီးမားတဲ့ ပြဿနာတွေက စပြီး အခြား စက်မှုပိုင်းဆိုင်ရာ အီလက်ထရောနစ်ပိုင်းဆိုင်ရာ အခြေခံပြဿနာတွေပါ ။ အခြားဆင့်ပွားပြဿနာတွေအများကြီးဖြစ်နိုင်ပါသေးတယ် ။

⚡ကားဝါယာရိန်းနဲ့ သက်ဆိုင်တဲ့ ECU တွေ , BCM တွေ Fuse ခုံတွေထိပါရေမြုပ်တယ်တယ်ဆိုရင်

🍄သော့ဖွင့်၊စက်နှိုးတာတွေ လုံး၀မလုပ်ပါနဲ့ ။

1. Battery ခေါင်း အနှုတ်ငုတ်ကို အရင်ဖြုတ်ပါ ။
2. ကားထိုင်ခုံတွေ ဖြုတ် ၊ ကြမ်းခင်း တွေခွာပြီး ဝါယာ Socket တွေပါဖြုတ်ပြီး ၊ SK တို့ WK-40 တို့လို့ ဆေးရည်တွေနဲ့ အရင်ဆေးကျောရပါမယ် ။ ပြီးရင် လေမှုတ် ၊ အခြောက်ခံရပါမယ်။
3. BCM တွေလိုဟာမျိုးတွေ ECU လိုဟာမျိုးတွေဆိုရင်လည်း အဖုံးတွေဖွင့်ပြီး Circuit Cleaner ဆေးရည်တွေနဲ့ ဆေးကျောပေးရပါမယ်။

အဲ့ဒါတွေအကုန် သန့်ရှင်းရေးလုပ် ဖြုတ်ဆေးကျော ၊ အခြောက်ခံပြီးမှ ဘတ္ထရီခေါင်းတွေပြန်တပ်ပြီး ၊ ဒိုင်ခွက်ထဲ မီးစုံမစုံတွေ စစ်ဆေးပြီး ဆက်လိုက်ရပါမယ်။
သေချာမဆေးကျော မသန့်စင်ရင် Socket တွေကြားထဲ ရွှံ့နွံတွေ ဝင်တာကစပြီး ၊ သံကြေးတက်တာတွေထိဖြစ်နိုင်ပြီး ၊ ကားခဏခဏ ပျက်တာ ၊ ချက်မီးတွေ ထထလင်းတာ ဖြစ်တတ်ပါတယ်။

Hybrid Battery ပါတဲ့ Honda Car တွေနဲ့ တချို့  Toyota Hybrid ကားတွေကို ကိုင်တွယ်တဲ့အခါမျိုးဆိုရင်တော့ နောက်မှာပါတဲ့ High Voltage Battery Line တွေကို သတိထားပါ ။ Safety ခလုတ်ကိုအရင်ပိတ်ပါ။

Electronic Device တွေထဲရေဝင်နေချိန် စက်သွားနှိုးတာမျိုးလုပ်ရင်တော့ ကားမှာပါတဲ့ အီလက်ထရောနစ်ပစ္စည်းတွေနဲ့ ဆက်စပ်လိုင်းတွေ အကုန်ပျက်စီးနိုင်ပါတယ်။