ကျနော်တို. စီးနေတဲ့ ကားတွေမှာ ပါတဲ့ Battery ကြောင့် ဓာတ်လိုက်တတ်သလား ? 

ကျနော်တို. ကားလေးစျေးကွက်မှာ လက်ရှိအသုံးပြုနေတဲ့ ကားတွေက 12V DC (Direct Current) Battery ကို အသုံးပြုထားတာ များပြီး ပုံမှန်ဆို ဒီ 12V Battery က ဒါမျိုး ဓာတ်လိုက်လေ့မရှိပါဘူး ။ အခြား ဓာတ်လိုက်ပြီး လူကို အန္တရာယ်ရှိနိုင်တဲ့ Hybrid Battery သုံးကားတွေတော့ရှိပြီး ဒီ Hybrid စနစ်ကလည်း လူကို အန္တရာယ်မရှိအောင် သေချာစနစ်တကျ တပ်ဆင်ထားတာမို. ၊ ဒီအတိုင်း ကားမောင်းသူ ကားစီးသူတွေကို အန္တရာယ် ဖြစ်စေတာ ဓာတ်လိုက်စေတာ မရှိသလောက်ပါပဲ ။ ဒီလိုဆိုရင် ကျနော်တို. လက်ရှိ မောင်းနေတဲ့ ကားတွေမှာပါရှိတဲ့ Battery တွေကြောင့် လူကို ဓာတ်လိုက်မှု မရှိသလောက်ရှားပါးပါတယ် ။ 

ဒါဆို ကားမှာပါတဲ့ ဘာက ဓာတ်လိုက်စေတာလဲ ? 

ကျနော်တို. လက်ရှိအသုံးပြုနေတဲ့ ကားမှာတပ်ဆင်ထားတဲ့ ဘတ္ထရီတွေကနေ ဓာတ်မလိုက်စေနိုင်ဘူးဆိုရင် ၊ လူတော်တော်များများ ကြုံတွေ.ဖူးတဲ့ ဖြတ်ခနဲ ဇက်ခနဲ ဓာတ်လိုက်သလို ကျင်သွားတာတွေဟာ ဘာကြောင့် ဖြစ်စေတာလဲဆိုတာကို ကျနော်သိပ္ပံနည်းကျ ရှင်းပြပါ့မယ် ။ တကယ်ဆို လူတော်တော်များများ ကြုံဖူးကြတဲ့ ကားမှာဓာတ်လိုက်စေတဲ့ အဓိက တရားခံ အကြောင်းရင်းက တည်ငြိမ်လျှပ်စစ် (Static Electricity) လို့ခေါ်တဲ့အရာကြောင့်ပါပဲ ။ 


ကျနော်တို. လက်ရှိ Electrical နဲ. Electronic လောကမှ အဓိက အသုံးပြုနေတဲ့ လျှပ်စစ် (Electricity) က နှစ်မျိုးရှိပါတယ် ။ 

1. Static Electricity (တည်ငြိမ်လျှပ်စစ်)

2. Current Electricity (or) Dynamic Electricity (ရွေ.လျား လျှပ်စစ်) ဆိုပြီးဖြစ်ပါတယ် ။ 


Static Electricity ဆိုတာ 

Static Electricity ဆိုတာ ကျနော်တို.လက်ရှိအသုံးပြုနေတဲ့ DC (Direct Current) ဥပမာ ကားဘတ္ထရီအိုး ၊ AC ( Alternating Current) ဥပမာ အိမ်သုံးလျှပ်စစ် တို.လို တနေရာနေ တနေရာကို ရွေ.လျားသွားတဲ့ လျှပ်စစ်ဓာတ်မျိုးမဟုတ်ပါဘူး ။ ဒီကောင်က တနေရာထဲမှာ တည်ငြိမ်ပြီး ပွားများစေတတ်တဲ့ သဘောဆောင်တဲ့ လျှပ်စစ်ဓာတ်တမျိုးပါ ။ လူလိုပြောရရင် အုံ.ပုံးချစ်လိုမျိုး တနေရာထဲမှာ စုစည်းနေပြီး ၊ ရုတ်တရက် မထင်မှတ် တဲ့အချိန် ထထွက်တဲ့အတွက် အမှုမဲ့အမှတ်မဲ့နဲ. အန္တရာယ်ရှိတတ်တဲ့ လျှပ်စစ်ဓာတ်တမျိုးပါ ။ 


ဒီလျှပ်စစ်အကြောင်းမရှင်းပြခင် လူတွေအရာ၀တ္တုတွေနဲ. ကမ္ဘာပေါ်ကအရာမှန်သမျှမှာရှိတဲ့ Atom ( အက်တမ်) ဆိုတဲ့ အရာအကြောင်းအရင်ပြောချင်ပါတယ် ။ ကျနော်တို. လက်ရှိမြင်နေသမျှ ထိတွေ.နေသမျှ ကျနော်တို. ပတ်၀န်းကျင်မှာရှိတဲ့ ပစ္စည်းမှန်သမျှဟာ Atom (အက်တမ်) ဆိုတဲ့အရာ၀တ္တု အမှုန်သေးသေးလေးတွေ စုပေါင်းဖွဲ.စည်းတည်ဆောက်ထားတာဖြစ်ပါတယ် ။ 


Atom (အက်တမ်) ဆိုတဲ့ အရာကို ထပ်မံခွဲခြမ်းစိတ်ဖြာလိုက်ရင်တော့ ၊ အောက်ပါ အရာသုံးခုနဲ. Atom ကိုဖွဲ.စည်းတည်ဆောက်ထားတာ မြင်ရပါတယ် ။ 

1. Proton (ပရိုတွန်) 

2. Electron (အီလက်ထရွန်) 

3. Neutron (နယူထရွန်) 

Atom ကိုကြည့်လိုက်ရင် အက်တမ်ရဲ.အလည်မှာ Proton (+) positive Charge နဲ. Neutron တို.တည်ရှိပြီး Electron (_) Negative Charge တွေက အပြင်ကနေ ၀န်းရံလည်ပတ်နေတာကို မြင်ရမှာဖြစ်ပါတယ် ။ 

Static Electric တွေဘယ်လိုဖြစ်ပေါ်လာနိုင်သလဲ? 

Static Electric တွေက Dynamic Electirc (AC and DC) လျှပ်စစ်တွေလို တနေရာကနေ တနေရာ မရွေ.လျား နိုင်ဘူးဆိုရင် ဘယ်လိုဖြစ်ပေါ်လာသလဲ စဉ်းစားဖို.ရှိလာပါတယ် ။ Static Electric ဆိုတဲ့ တည်ငြိမ် လျှပ်စစ်တွေအဖြစ်များဆုံးအကြောင်းရင်က အရာ၀တ္တုတွေ တခုနဲ. တခုပွတ်တိုက်ရာကနေ ဖြစ်ပေါ် လာရပါတယ်တဲ့ ။ ကျနော်တို. ငယ်ငယ်က ကျောင်းမှာ ကစားဖူးကြပါမယ် ။ ပေတံလေးကို အ၀တ်နဲ. ပွတ် ပြီးရင် စက္ကူအမှုန်အစလေးတွေကို အ၀တ်နဲ.ပွတ်ထားတဲ့ ပေတံနဲ.ထိလိုက်ရင် စက္ကူအစလေးတွေက ပေတံမှာ လာကပ်တာ မြင်ဖူးကြုံဖူးကြမှာပါ ၊ နောက်ထပ် ဗူဗောင်းကို ဆံပင်နဲ.ပွတ်တိုက်လိုက်ရင် ပူပေါင်းကနေ ဆံပင်ကို ဆွဲငင်တာမျိုး ၊ ဖန်ချောင်းကို အ၀တ်နဲ.ပွတ်ပြီး လက်က အမွှေးလေးတွေနားကပ်လိုက်ရင် လက်ကအမွှေးလေး တွေ ထောင်လာတာမျိုးတွေ စမ်းသပ်ကြည့်ဖူးကြရင် အဲ့ဒါ Static Electric ပါပဲ ။ 


အပေါ်မှာ ပြောခဲ့သလို အရာ၀တ္တုတွေဟာ Atom တွေနဲ.ဖွဲ.စည်းထားတာဖြစ်ပြီး ပုံမှန်အခြေအနေမှာဆိုရင် အဲ့ဒီအရာ၀တ္တုတွေမှာရှိတဲ့ Electron နဲ. Proton တွေရဲ.အရေအတွက်ဟာ တူညီပါတယ် ။ ဒါပေမယ့် အဲ့ဒီအရာ ၀တ္တုတွေကို ပွတ်တိုက်လိုက်တယ်ဆိုရင် တခုနဲ.တခု ပွတ်တိုက်ရာကနေ အရာ၀တ္တုတွေမှာ တည်ရှိနေတဲ့ Electron (_) နဲ. Proton (+) တို.ဟာ အရာ၀တ္တု ၂ခုရဲ. အမျိုးအစားပေါ်မူတည်ပြီး (Electron) တွေ တိုးလာတာ ၊ (Proton) တွေ တိုးလာတာတွေဖြစ်ကုန်ပါတယ် ။ အဲ့ဒီလို တိုးပွားလာတဲ့ Electron နဲ. Proton တွေဟာ တည်ငြိမ်လျှပ်စစ် (Static) ဖြစ်တဲ့အတွက် တနေရာကနေ တနေရာကို မစီးဆင်းနိုင်ဘဲ ၊ တိုးလာတဲ့ နေရာမှာပဲ အဆမတန် များပြားလာပြီး အခြားမျိုးမတူတဲ့ အရာ၀တ္တုတွေမှာရှိတဲ့ Electron နဲ. Proton တွေနဲ. နီးကပ်သွားတဲ့ အခါမှတော့ မျိုးတူခြင်းဆို တွန်းကန်တာတွေ ၊ မျိုးမတူတာဆို ဆွဲငင်တာတွေ ဖြစ်ကုန်တော့ တာပါပဲ ။ အဲဒီလို အရာ၀တ္တုတွေ ပွတ်တိုက်မှုကနေ ထွက်ပေါ်လာတဲ့ Proton နဲ. Electron တွေ တနေရာကနေ အခြားအရာ၀တ္တုဆီကို ခုန်ကူးသွားတာကိုတော့ Discharge ဖြစ်တယ်လို.ခေါ်ဆိုပါတယ် ။ အဲ့ဒီလို Discharge ဖြစ်တာကြောင့် ကျနော်တို. ကားတွေမှာ ဆတ်ခနဲ. ကျင်ခနဲ. ဓာတ်လိုက်တယ်ဆိုတာတွေ ဖြစ်ကုန်ရတာပါပဲ ။ 

သေချာရှင်းပြရရင် ကျနော်တို. ကားမောင်းနေတဲ့အချိန် ကျနော်တို. ၀တ်ထားတဲ့ အင်္ကျီရယ် ကားထိုင်ခုံတွေ ရယ်ပွတ်တိုက်ပြီး Electron တွေက ကျနော်တို. ခန္ခာကိုယ်မှာ စုစည်းမိနေမယ် ၊ အဲဒီလို အချိန်မှာ ကျနော်တို. မောင်းနေ စီးနေတဲ့ကားမှာလည်း လေထုနဲ. ပွတ်တိုက်မှုကြောင့် အခြားဆန်.ကျင်ဖက် Proton တွေ စုစည်းမိနေမယ် ၊ အဲ့ဒီလို စုစည်းမိနေတဲ့ ဆန်ကျင့်ဖက် လျှပ်စစ်အားတွေကလည်း ကားတာယာတွေက လျှပ်ကူးပစ္စည်းတွေမဟုတ်တဲ့အတွက် ဘယ်ကိုမှ မထွက်နိုင်ဘဲ အစုလိုက်အပြုံလိုက်ဖြစ်ပေါ်နေမယ် ။ အဲ့ဒီလိုအချိန် ကျနော်တို. ကားတံခါးဖွင့် အပြင်ထွက်လိုက်ပြီး ကားဘော်ဒီ မတော်တဆ ထိလိုက်မိတယ်ဆိုရင် ကျနော်တို. ခန္ဓာကိုယ်မှာ စုမိနေတဲ့ Electron တွေရယ် ၊ ကားဘော်ဒီမှာ ဖြစ်ပေါ်နေတဲ့ Proton တွေရယ် တခုနဲ. တခု အသည်းအသန် ခုန်ထွက်ဆွဲငင်ကုန်ပြီး ကျနော်တို. ခံစားရတဲ့ ကျင်ခနဲ ဓာတ်လိုက်တာ ဖြစ်ပေါ်လာရတာပါပဲ ။ 

ကျနော်တို. ၀တ်ထားတာ ပုံမှန် ချည်ထည်အ၀တ်အစားထက် သိုးမွှေး အကျီင်္ ၊ နိုင်လွန် အကျီင်္တွေမှာဆိုရင် ပွတ်တိုက်မှု ပိုမိုကောင်းမွန်ပြီး Electon တွေအလွယ်တကူ ပိုမိုစုစည်းမိနိုင်ပါတယ် ။ အဲ့ဒီလိုပဲ ကားမောင်းနေတဲ့အချိန် ရာသီဥတုက ပူနွေးတဲ့ရာသီဥတုမှာဆိုရင် စိုထိုင်းတဲ့ ရာသီဥတုထက် ဆန်.ကျင်ဖက် လျှပ်စစ်ဓာတ်တွေကားမှာ ပိုမိုစုစည်းမိနိုင်ပြီး အဲ့နှစ်ခု မတော်တဆ သွားတွေ.တာနဲ. ကျနော်တို.တွေ ကားက ဓာတ်လိုက်တယ်ဟ ဆိုပြီး ဖြစ်ကုန်ရတာပါပဲ ။ 


လျှပ်စီးလက်တယ်ဆိုတာ သိသာထင်ရှားတဲ့ Static Electricity ပါ 

သိသာထင်ရှားတဲ့ Static Electricity ရဲ. ပြင်းထန်အားက လျှပ်စီးလက်တာနဲ. မိုးကြိုးပစ်တာတွေပါပဲ ။ လျှပ်စီး လက်တယ်ဆိုတာ တိပ်တိုက်ထဲမှာရှိတဲ့ Electron (Negative Charge) တွေ အဆမတန် များပြားလာပြီး မြေပြင်မှာရှိတဲ့ Positive Charge တွေနဲ. အချင်းချင်းဆွဲငင်ပြီး Spark တွေဖြစ်ပေါ်လာတာမျိုးပါပဲ ၊ တိမ်တိုက်အချင်းချင်း မျိုးတူတွေ တွန်းကန်တာ ၊ မျိုးမတူတွေ ဆွဲငင်ရာကနေလည်း လျှပ်စီးလက်တာတွေ ဖြစ်ပေါ်လာတာပါပဲ ။ လျှပ်စီးလက်တဲ့အချိန် လျှပ်စီးလမ်းတွေမှာရှိတဲ့ ယေဘူယျ Voltage အားက 100 Million ကနေ 1 Billion အထိရှိပြီး 10,000 ကနေ 200,000 Amp အထိ Current စီးဆင်းမှုနှုန်းရှိတယ်လို. လေ့လာသိရှိရပါတယ် ။ 


Static Electricity ကြောင့် ကားတွေ ဘယ်လို အန္တရာယ်ရှိနိုင်သလဲ ? 

Static Electricity က မြင်သာထင်သာတဲ့ လျှပ်စစ်အန္တရာယ်မဟုတ်ဘဲ ကားတွေကို ရုတ်တရက် ဒုက္ခပေး တတ်ပါတယ် ၊ ခုအပေါ်မှာ ပြောသလို မတော်တဆ ကျင်ခနဲ ဓာတ်လိုက်တာမျိုးက စိတ်အနှောက်အယှက် ဖြစ်စရာဖြစ်ပေမယ့် အန္တရာယ်ကြီးကြီးမားမား မဟုတ်သေးပါဘူး ။ ဒီလို ရုတ်တရက် Electron တွေနဲ. Proton တွေ ရုတ်တရက် Discharge ဖြစ်ပြီး Spark ခတ်တာမျိုးက ဘယ်နေရာ အန္တရာယ်ရှိနိုင်သလဲဆိုရင်တော့ ဓာတ်ဆီဆိုင်တွေမှာ ဆီဖြည့်နေတဲ့အခါမှာ အန္တရာယ်ရှိပါတယ် ။ ဆီဂေါက်နဲ. ဆီတိုင်ကီအ၀နဲ. ပွတ်မိပြီး မီးထလောင်တယ်ဆိုတာတွေ ကြားဖူးမယ်ထင်ပါတယ် ။ တကယ်က အဲ့ဒါ Static Electric တွေ Discharge ဖြစ်ပြီး လေထဲမှာ အငွေ.ပျံနေတဲ့ ဓာတ်ဆီနဲ.တွေ.ပြီး မီးထလောင်ကျွမ်း စေတာမျိုးပါ ။ 

နောက် ဆီသယ်တဲ့ ဆီဘောက်ဆာ ကားကြီးတွေမှာ အဖြစ်များတဲ့ ပြဿနာပါ ၊ ဆီသယ်တဲ့ ဘောက်ဆာ ကားကြီးတွေမှာ ဆီသယ်ပြီး သိုလှောင်ကန်ထဲ ထည့်တယ် ၊ ထုတ်တယ် လုပ်တဲ့အခါမျိုးမှာ ဆီတွေဟာ ပိုက်လိုင်းထဲမှာ ရွေ.လျားရတာမို. ဆီနဲ.ပိုက်လိုင်းပွတ်တိုက်ပြီး Electron တွေ Proton တွေတည်ဆောက် တာရယ် ကားဘော်ဒီစုနေတဲ့ ဆန်.ကျင့်ဖက်သိုလှောင်လျှပ်စစ်တွေ မတော်တဆဆုံတွေပြီး ဒီလို Static Electric Discharge တွေဖြစ်ပေါ်တတ်ပါတယ် ။ ဒီလိုအဖြစ်မျိုးရှောင်ရှားနိုင်ဖို. တည်ငြိမ်လျှပ်စစ်တွေ စုစည်းတာကို ရှောင်ရှားဖို. ကားဘော်ဒီနဲ. မြေပြင်ကို Ground ချပေးဖို.လိုအပ်ပါတယ် ။ ဒီလိုချပေးထားမှ ကားဘော်ဒီမှာစုနေတဲ့ တည်ငြိမ်လျှပ်စစ်တွေက မြေကြီးထဲဆင်းသွားပြီး မတော်တဆ Discharge ဖြစ်တာကို ကာကွယ်ပေးမှာဖြစ်ပါတယ် ။ 

ကျနော်တို. အခု YBS ကားတွေမှာရှိတဲ့ Foton ကားကြီးတွေနောက်မှာ မြေကြီးကို ပွတ်တိုက်နေတဲ့ ကြိုးတန်းလန်းလေးချထားတာဟာလည်း ဒီသဘောပါပဲ ၊ ကားဘော်ဒီမှာ တည်ဆောက်လာနိုင်တဲ့ Static Electric တွေကို မြေပြင်ထဲကို Ground ချပြီး ကာကွယ်ထားတဲ့ သဘောပါပဲ ။ 

မိတ်ဆွေတို.ကားမှာ ဒီလို ကျင်ခနဲ ဓာတ်လိုက်မှုတွေ ခဏခဏ ဖြစ်နေတယ်ဆိုရင် ဘယ်လိုကာကွယ်နိုင်မလဲ ?


1. ကားထဲက မထွက်ခင် ကားသံဘောင်ကို ကိုင်လိုက်ပါ 

ကားထဲက ထွက်ပြီး ကားဘော်ဒီနဲ.ထိတိုင်း ဒီလိုကျင်ခနဲဖြစ်နေတယ်ဆိုရင်တော့ ၊ ကားထဲက မထွက်ခင် ကားထိုင်ခုံကနေ မထဘဲ ကားသံဘော်ဒီကို ကိုင်လိုက်တာက Potential Discharge ဖြစ်တာကို ကာကွယ်နိုင်ပြီး ကားကနေ Static Electric Discharge ဖြစ်တာကို ကာကွယ်နိုင်ပါလိမ့်မယ် ။ 


2. အကြွေစေ. (ဒါမှမဟုတ်) သံထည် ပစ္စည်းလေးတွေဆောင်ထားပါ 

ကားပေါ်က ဆင်းတယ်ဆိုတာနဲ. ကားဘော်ဒီကို အကြွေ.စေလေး ဒါမှမဟုတ် သံထည်ပစ္စည်းလေး တခုခုနဲ.အရင်တို.လိုက်ပါ ။ ဒါဆိုရင် ကားဘော်ဒီမှာ စုနေတဲ့ Electron (or) Proton တွေက အကြွေစေ.လေး ဆီကို ခုန်ကူးသွားပြီး သင့်ကို ဓာတ်လိုက်စေတော့မှာ မဟုတ်ပါဘူး ။ 

Microchip တွေပါတဲ့ ကားသော့တွေနဲ.တော့ ဒီလိုမလုပ်ပါနဲ. ၊ Static Electric Shock က မိုက်ခရိုချစ်တွေကို ပျက်စီးစေတတ်ပါတယ် ။ 


3. ကားမှန်ကို စက္ကန်.အနည်းငယ်လောက် ကိုင်ပြီးမှ ထွက်ပါ 

ကားမှန်ကို စက္ကန်.အနည်းငယ်လောက် ကိုင်ထားပြီးမှ ကားထဲက ထွက်ရင်လည်းရပါတယ် ၊ ကားမှန်က လျှပ်ကာပစ္စည်းဖြစ်တာမို. Discharge ဖြစ်တာကို သက်သာစေပြီး ၊ ကားဘော်ဒီလိုမျိုး ကျင်ခနဲ စူးခနဲဖြစ်တာကို ရှောင်ရှားနိုင်ပါတယ် ။ 

4. ထိုင်ခုံတွေကို ချောစေနိုင်တဲ့ ဆေးရည်များ ဖြန်းပေးပါ 

ထိုင်ခုံ အခင်းတွေကို တွေကို ကြမ်းတမ်းမနေစေဘဲ ချောမွတ်စေနိုင်တဲ့ ထိုင်ခုံဖြန်းဆေးရည်မျိုးတွေ ပတ်ဖြန်းပေးပါ ။ 


5. အမြဲ၀တ်ဆင်တဲ့ အ၀တ်အစားကို ဂရုစိုက်ပေးပါ

ကားမောင်းတဲ့အချိန် အမြဲ၀တ်ဆင်တတ်တဲ့ အ၀တ်အစားတွေကလည်း ကားထိုင်ခုံနဲ. ပွတ်တိုက်ပြီး Static Electric တွေဖြစ်စေဖို. အားပေးနိုင်တာမို. ၊ အမြဲ၀တ်ဆင်တတ်တဲ့ အ၀တ်အစားတွေကို ဂရုစိုက်ပေးပါ ။ သိုးမွှေးနဲ. နိုင်လွန်ချည်ထည်တွေက Static Electric ဖြစ်စေဖို. ပိုမိုအားပေးတတ်ပါတယ် ။ 


6. Ground Strap ဆိုတာမျိုးကားမှာ တပ်ဆင်ပေးပါ 

အပေါ်မှာ ပြောခဲ့တဲ့ အချက်တွေ လုပ်ရဲ.သား မကြာခဏ ဓာတ်လိုက်သလို ကျင်ခနဲဖြစ်တတ်တယ်ဆိုရင်တော့ ကားဘော်ဒီနဲ. မြေကြီးကို ဆက်သွယ်ပေးတဲ့ Ground Strap ဆိုတာလေးတပ်ဆင်ထားပေးပါ ။ ဒီလိုတပ်ဆင် ထားခြင်းဖြင့် ကားဘော်ဒီမှာ စုစည်းလာနိုင်တဲ့ Static Electric တွေကို မြေကြီးထဲဆင်းသွား စေမှာဖြစ်ပါတယ် ။ 


ဒီလိုနည်းလမ်းတွေကို လိုက်နာ အသုံးပြုခြင်းအားဖြင့် မတော်တဆ ကျင်ခနဲ ၊ စူးခနဲ ဓာတ်လိုက်တာကအစ ၊ ကားမီးလောင် ဆုံးရှုံးမှုတွေ အထိ ဖြစ်ပေါ်စေနိုင်တဲ့ Static Electric Discharge ဖြစ်တာတွေကို ကာကွယ်နိုင် မှာဖြစ်ပါတယ် ခမျာ ။ 


Credit To : Author