ကျနော်တို့ ကားလောကမှာ“ ဒီကားက ရှေ့ဆွဲ ၊ ဒီကားက နောက်ဆွဲ ၊ နောက်ယက် ၊ ဒီကားက 4 Wheel “ အစရှိသဖြင့် ပြောဆိုတာတွေ ကြားဖူးကြမှာပါ ။ ဒီ 2 Wheel ၊ 4 Wheel ဆိုတာဘာတွေလဲ နောက် အဲ့ဒီ ကားတွေရဲ့ ကွဲပြားခြားနားပုံ ၊ အားသာချက် ၊ အားနည်းချက် အခြေခံလေးတွေကို ပြောပြချင်ပါတယ် ။ 

ကျနော်တို့ လက်ရှိသုံးနေတဲ့ ကားတွေရဲ့ 2 Wheel , 4 Wheel ဆိုတာတွေကို ကားရဲ့ Drivetrain System လို့ခေါ်ပါတယ် ။ ကားရဲ့ Drivetrain System ကို အမျိုးအစားခွဲကြည့်ရင် 

1. Front -Wheel Drive (FWD)

2. Rear-Wheel Drive (RWD)

3. Four Wheel Drive (4×4)

4. All Wheel Drive 

ဆိုပြီး အခြေခံအားဖြင့် အမျိုးအစား (၄) မျိုးကွဲပြားပါတယ် ။ 


1. Front-Wheel Drive (FWD) 

Front-Wheel Drive (FWD) ဆိုတာကို ရှေ့ဆွဲလို့ပဲ ခေါ်ခေါ် ၊ ရှေ့ယက်လိုပဲခေါ်ခေါ် တူတူပဲဖြစ်ဖြစ်ပြီး ဂီယာဘောက်ကို အင်ဂျင်နဲ့အတူ ကားရဲ့ ရှေ့မှာ တွဲဖက်တပ်ဆင်ထားတဲ့ ကားတွေကို ပြောတာပါ ။ ကျနော်တို့ ခုလက်ရှိ မြန်မာနိုင်ငံမှာ အသုံးပြုနေတဲ့ ကားအများစုဟာ ရှေ့ဆွဲကားတွေဖြစ်ကြပါတယ် ။ ဒီကားတွေက ကားရဲ့ရှေ့မှာ တပ်ဆင်ထားတဲ့ အင်ဂျင်နဲ့အတူ တွဲဖက်နေတဲ့ ဂီယာဘောက်ကနေ တဆင့် ရှေ့ဘီးနှစ်ခုကို အဓိကထားခိုင်းစေမောင်းနှင်တာပါ ။ နောက်ဘီးတွေဟာ ဂီယာဘောက်နဲ့ ဘာမှ အဆက်အသွယ်မရှိဘဲ ရှေ့ဘီးရဲ့ မောင်းနှင်မှုနောက်ကိုသာ လိုက်ပါဆောင်ရွက်ရတာမို့ Front-Wheel Drive (FWD) ရှေ့ဆွဲ ၊ ရှေ့ယက် အစရှိသဖြင့် ခေါ်ဆိုတာပဲဖြစ်ပါတယ် ။ 


Front-Wheel Drive (FWD) ကားတွေရဲ့ အားသာချက်

• အင်ဂျင်နဲ့ ဂီယာဘောက်တွဲစပ်ပြီး တည်ဆောက်ထားတာမို့ ကုန်ကျစရိတ်သက်သာတာ

• အင်ဂျင်နဲ့ ဂီယာဘောက်အတူတည်ရှိပြီး အင်ဂျင်ပါဝါကို တိုက်ရိုက်ရယူနိုင်တာမို့ ဆီစားသက်သာတာ

• ကားရဲ့ဝိတ်ပေါ့ပါးတာ

• ပြင်ဆင်စရိတ်သက်သာတာ အစရှိတဲ့ အားသာချက်တွေရှိပါတယ် ။ 

သူရဲ့အားနည်းချက်တွေကတော့ 

• ဗွက်တို့ ရွံ့တို့ရှိတဲ့ နေရာတွေ ၊ နှင်းကျနေတဲ့ လမ်းတွေ ၊ မိုးရေစပ်စပ်တင်နေတဲ့ လမ်းတွေပေါ်မှာ တာယာဘီးနဲ့ မြေပြင်ကုတ်အားနည်းတာ 

• ၀န်တင်ပြီး အရှိန်နဲ့ မောင်းနှင်တဲ့အခါ ထိန်းချုပ်ဖို့ခက်ခဲတာ

• အကွေ့တွေမှာ လိုအပ်တဲ့ အရှိန်ထက်များတဲ့အခါ ထိန်းချုပ်ဖို့ခက်ခဲတာ အစရှိတဲ့ Safety ပိုင်းဆိုင်တာ အားနည်းချက်တွေရှိပါတယ် ။ 


2. Rear-Wheel Drive (RWD) 

Rear-Wheel Drive (RWD) ကို နောက်ဆွဲလို့ပဲ ခေါ်ခေါ် ၊ နောက်ယက်လို့ပဲခေါ်ခေါ် တူတူပဲဖြစ်ပြီး အင်ဂျင်က စွမ်းအားပါဝါတွေကို ဂီယာဘောက်နေတဆင့် Drive Shaft ကိုပို့ဆောင်ကာ Differential (ကရောင်းအုံ) ဆီသို့ ရောက်စေခြင်းဖြင့် Differential နဲ့ ချိတ်ဆက်ထားတဲ့ နောက်ဘီးတွေကို လည်ပတ်စေပါတယ် ။ ဒီ (RWD) ကားတွေမှာတော့ ရှေ့ဘီးယက် (FWD) ကားတွေနဲ့ ပြောင်းပြန် နောက်ဘီးတွေရဲ့ မောင်းနှင်မှုနောက်ကိုသာ ရှေ့ဘီးတွေက (ဂီယာဘောက်နဲ့အဆက်အသွယ်မရှိတဲ့) လိုက်ပါဆောင်ရွက်ရတာမို့ နောက်ဘီးယက် ၊ နောက်ဆွဲ Rear-Wheel Drive (RWD) လို့ခေါ်ဆိုကြတာဖြစ်ပါတယ် ။ 

 Rear-Wheel Drive (RWD) ကားတွေရဲ့အားသာချက်

• အင်ဂျင် ၊ ဂီယာဘောက်နဲ့ ကရောင်းအုံတို့ကို ရှေ့ လည် နောက် အစဉ်လိုက် တည်ဆောက်ထားတာမို့ ရှေ့နောက် Weight Balance ညီမျှတာ

• နောက်မှာ ၀န်တင်ပြီး ရုန်းအားကောင်းတာ

• ရုတ်တရက် အရှိန်တင်လို့ လွယ်ကူတာ အစရှိတဲ့ အားသာချက်တွေ ရှိပါတယ် ။ 

အားနည်းချက်တွေကတော့

• FWD ကားတွေလိုပဲ ရွှံ့ဗွက်ထူတဲ့နေရာတွေ ၊ လမ်းပေါ်ရေတင်နေတဲ့ နေရာတွေမှာ ကားတာယာဘီး တွေနဲ့ မြေပြင်ကုတ်အားနည်းတာ ၊ Slip (ချော်ထွက်) ဖြစ်နိုင်တာ 

• လမ်းအရမ်းကြမ်းတမ်းတဲ့နေရာတွေမှာ ၊ ရွှံ့နွံထဲနစ်တဲ့အခါတွေမှာ မရုန်းနိုင်တာ အစရှိတဲ့ အားနည်း ချက်တွေရှိပါတယ် ။ 

ဒါကြောင့် အားသာချက် အားနည်းချက်တွေကြောင့် တချို့ Saloon ကားတွေ ၊ Luxury ကားတွေ နဲ့ Sport Type ကားတွေမှာပဲ ဒီ Rear-Wheel Drive (RWD) စနစ်ကို အသုံးပြုတာမြင်ရမှာဖြစ်ပါတယ် ။ 

3. Four Wheel Drive (4×4)

Four Wheel Drive (4×4) အကြောင်းကိုရှင်းမယ်ဆိုရင် အဲ့ဒီ စနစ်မှာပါ၀င်တဲ့ အစိတ်အပိုင်းတွေကို အရင်ပြောရပါမယ် ။ 4WD တွေမှာ ပါတဲ့ အစိတ်အပိုင်းတွေက FWD တို့ RWD တို့မှာပါတဲ့ အစိတ်အပိုင်းတွေနဲ့ မတူကွဲပြားပါတယ် ။ အခြေခံအားဖြင့် 4WD တွေမှာ ဘီးလေးဘီးလုံးကို မောင်းနှင်နိုင်ဖို့အတွက် ရှေ့မှာ Differential တစ်ခု ၊ နောက်မှာ Differential တစ်ခု ၊ အလည်မှာ Central Differential ဆိုတဲ့ Differential တစ်ခုဆိုပြီး Differential သုံးခုပါ၀င်ပါတယ် ။ ဒါက အခြေခံပါ၀င်တဲ့ဟာတွေပါ (မတူကွဲပြားတာတွေရှိပါတယ်) ။ နောက်ထပ် Four Wheel Drive (4×4) တွေမှာ 2H , 4H , 4L ဆိုတဲ့ အခြေခံစနစ်တွေပါ၀င်ပါတယ် ။ ဒါတွေကို တခုခြင်းရှင်းပြပါ့မယ် ။ 

2H ဆိုတာကတော့ (2 Wheel Drive , High Range) ကိုဆိုလိုတာဖြစ်ပြီး ၊ ပုံမှန်အားဖြင့် နောက်ဘီးနှစ်ခု တည်းနဲ့ မောင်းနှင်တာပါ ။ နောက်ဆွဲ (RWD) ပုံစံမောင်းနှင်တာဖြစ်ပါတယ် ။ ပုံမှန်လမ်းကောင်းတွေပေါ်မှာ နောက်ဘီးနှစ်ခုနဲ့ ပုံမှန်မောင်းနေသလို အနှေးအမြန် စိတ်ကြိုက် အရှိန်နှုန်းနဲ့ မောင်းနှင်တာကို 2H လို့ခေါ်တာ ပါ ။ 

4H ဆိုတာကတော့ ( 4 Wheel Drive , High Range ) ကိုဆိုလိုတာဖြစ်ပြီး ၊ ပုံမှန်အားဖြင့် ရှေ့နောက် ဘီးလေးလုံးပြိုင်တူ မောင်းနှင်တာပါ ။ လမ်းတွေက ရွှံ့တွေဗွက်တွေ များနေတယ် ၊ သဲတွေရှိမယ် ၊ ကျောက်ခဲ များနေမယ်ဆိုတဲ့ အချိန်မျိုးမှာ ကားက၀န်ရုန်းဖို့လိုအပ်တဲ့အချိန်မျိုးမှာ ဘီးလေးဘီးလုံးလည်ပတ်ပြီး ပုံမှန် အမြန်နှုန်းနဲ့ မောင်းနှင်တာကို 4H လို့ခေါ်တာပါ ။ 

4L ဆိုတာကတော့ ( 4 Wheel Drive , Low Range) ကိုဆိုလိုတာဖြစ်ပြီး ၊ Low Gear Ratio ( ဂီယာကြီး) တွေနဲ့ ကားဘီးလေးဘီးလုံး အနှေးလည်ပတ်ပြီး ၀န်ရုန်းတာကို ခေါ်တာပါ ။ ပုံမှန်ရွှံ့ဗွတ်တွေထက်ပိုများတဲ့ ရွှံ့ဗွက်တွေ ၊ သဲဗွက်တွေ ၊ နှင်းတွေထူထပ်တဲ့နေရာတွေ ၊ တောင်ကုန်းတွေ ၊ လျှောစောက်တွေရှိတဲ့ နေရာ တွေမှာ မောင်းမယ်ဆိုရင် အမြန်နှုန်း နဲ့ မမောင်းနိုင်ဘဲ ၊ ဂီယာကြီးတွေနဲ့ ကားလေးဘီးလုံး အနှေး၀န်ရုန်းပြီး မောင်းနှင်တာကို 4L လို့ခေါ်တာပါ ။ ဒါက Four Wheel Drive System မှာ မပါမဖြစ်တဲ့ အဓိက အရေးကြီးတဲ့ စနစ်တွေပါ ။ 

နောက်ထပ်ပြောချင်တာက Four Wheel Drive (4×4) ကို နှစ်မျိုးထပ်ခွဲနိုင်ပါတယ် ။ 

• Part Time 4 Wheel 

• Full Time 4 Wheel ဆိုပြီးတော့ဖြစ်ပါတယ် ။ 

Part Time Four Wheel Driveဆိုတာကတော့ 2WD နဲ့ 4WD ဆိုပြီး လိုသလိုပြောင်းလဲနိုင်တဲ့ စနစ်ဖြစ်ပါတယ် ။ ပြောင်းလဲဖို့အတွက် ဂီယာတံတို့ ၊ တချို့မော်ဒယ်မြင့်ကားတွေမှာ Switch ခလုတ်တို့ကနေ လှည့်ပြီး 2WD နဲ့ 4WD ကို စိတ်ကြိုက်ပြောင်းလဲ နိုင်ပါတယ် ။ Part Time 4WD မှာပါတဲ့ စနစ်တွေက 2H , 4H , 4L (H2,H4,L4 ဆိုပြီး တချို့ကားတွေမှာရေး) ဆိုပြီးတော့ပါတာများပါတယ် ။ 

Part Time Four Wheel တွေမှာ လမ်းအခြေနေပေါ်မူတည်ပြီး 2H , 4H , 4L ကို လိုသလိုပြောင်းလဲပေးလို့ ရပါတယ် ။ 

Full Time Four Wheel Drive မှာတော့ 2WD မပါ၀င်တော့ပါဘူး ။ စကတည်းက ဘီးလေးဘီးလုံးလည်ပတ်တဲ့ 4WD စနစ်ဖြစ်ပါတယ်။ ဒါကြောင့် အဲ့ဒီ Full Time Four Wheel တွေမှာ 2H မပါတော့ဘဲ ၊ 4H , 4L (H4,L4) စတဲ့ ခလုတ်တွေ ၊ ဂီယာတံတွေပဲပါ၀င်မှာဖြစ်ပါတယ် ။ 

Full Time Four Wheel Drive မှာလည်း လမ်းအခြေနေပေါ်မူတည်ပြီး 4H နဲ့ 4L ကို လိုသလိုပြောင်းလဲ အသုံး ပြုနိုင်ပါတယ် ။ 

2WD , 4WD (Part Time , Full Time ) , 4L System 

Automatic 4H System ဆိုတာကတော့ ဟိုးအရင်ကားတွေမှာ မပါ၀င်ဘဲ အခုနောက်ဆုံးပေါ် မော်ဒယ်မြင့် ကားတချို့မှာပဲ ပါ၀င်တဲ့စနစ်တခုပါ ။ သူ့ကတော့ ကားလမ်းအခြေအနေ အမျိုးမျိုးပြောင်းလဲနေတဲ့နေရာ (ဥပမာ ကားလမ်းက ကြမ်းလိုက် ချော်လိုက် ၊ နိမ့်လိုက်မြင့်လိုက် ) တွေမှာ ကားမှာပါ၀င်တဲ့ Transfer Case ကနေ ကားဘီးတွေရဲ အရှေ့အနောက် လည်ပတ်နှုန်းတွေကို ထိန်းချုပ်ပြီးကားကို တည်တည်ငြိမ်ငြိမ်လည်ပတ် နိုင်အောင်ထိန်းချုပ်ပေးတဲ့ စနစ်တခုပါပဲ ။ 


( Automatic 4H System )

4 Wheel Drive တွေရဲ့ အားသာချက်ကတော့ Off Road တွေလို လမ်းကြမ်းခရီးတွေမှာ ကားလေးဘီးလုံးကို ဂီယာ အနှေးအမြန်နဲ့ လိုသလို ၀န်ရုန်းအားအတွက် အသုံးပြုနိုင်တာပဲဖြစ်ပါတယ် ။ အားနည်းချက်ကတော့ ပြုပြင်စရိတ်ကုန်ကျစရိတ်များတာ ၊ ဆီစားများတာ ၊ လမ်းအပေါ်မူတည်ပြီး 2H , 4H နဲ့ 4L တို့ကို ပြောင်းလဲ ပေးရတာမျိုးတွေပါ ။ 

4. All Wheel Drive (AWD)

All Wheel Drive ဆိုတာကတော့ All Wheel ဆိုတဲ့အတိုင်းပဲ ကားမှာပါတဲ့ ဘီးလေးဘီးလုံး အကုန်အတူတကွ မောင်းနှင်တာပါ ။ ပုံမှန်အားဖြင့် 4WD နဲ့ တူသလိုလို ထင်ရပေမယ့် ကွဲပြားခြားနားချက်တွေရှိပါတယ် ။ All Wheel Drive (AWD) တွေမှာ 4WD တွေကို 2H,4H,4L တွေကို လိုသလို ပြောင်းလဲလို့မရပါဘူး ။ အထူးသဖြင့် 4L နဲ့ထပ်တူညီတဲ့ စနစ်မပါ၀င်ပါဘူး ။ ဒါကြောင့် On Road လို လမ်းကောင်းတဲ့ အခြေအနေမှာပဲ မောင်းနှင်လို့ ပိုအဆင်ပြေပြီး ၊ လမ်းကြမ်းတဲ့ Off Road အခြေနေမှာ 4WD ရဲ့ စွမ်းဆောင်ရည်ကို မမီပါဘူး ။ 

အခုနောက်ပိုင်း မော်ဒယ်မြင့်ကားတွေမှာတော့ Automatic AWD စနစ်ကိုအသုံးပြုပြီး အဲ့ဒါကို ထုတ်လုပ်တဲ့ ကုမ္ပဏီအပေါ်မူတည်ပြီး Real Time 4WD", "intelligent AWD" or "active AWD" ဆိုပြီး အမျိုးမျိုးခေါ်ဝေါ်ကြပါတယ် ။ 

ဒီ Automatic AWD စနစ်က ကားကို အမြန်နှုန်းနဲ့မောင်းနေတဲ့အချိန် ၊ မတူကွဲပြားတဲ့ လမ်းအခြေအနေတွေ အပေါ်မူတည်ပြီး ကားရဲ့ ရှေ့ဘီး ၊ နောက်ဘီးတွေရဲ့ ကုတ်အားအပေါ် အပြန်အလှန်အာရုံခံ ထိန်းချုပ်တဲ့စနစ် ဖြစ်ပါတယ် ။ ပုံမှန် ကားရဲ့ ဘီးလေးဘီးလုံးက တူညီတဲ့ အရှိန်နဲ့ ကုတ်အားဖြစ်နေတဲ့အချိန် 2WD စနစ်ပုံစံနဲ့ မောင်းနှင်နေပြီး ၊ ကားဘီးတစ်ဘီးဘီးက (ရှေ့နောက်) ကုတ်အားဆုံးရှုံးမှု (Traction Loss) ဖြစ်တဲ့အချိန် ကျန်တဲ့ဘီးတွေကို လိုတိုးပိုလျှော့ လိုက်ညှိပြီးကားကို တည်တည်ငြိမ်ငြိမ် (Stable) ဖြစ်အောင်ထိန်းချုပ်ပါတယ် ။ အထူးသဖြင့် အချိုးအကွေ့တွေ ၊ လမ်းမျက်နှာပြင်ပေါ်မူတည်ပြီး တာယာနဲ့ လမ်းကုတ်အားနည်း တဲ့နေရာ တွေမှာ ကားတစ်ဘီးခြင်းဆီကို လိုအပ်လို ချိန်ညှိထိန်းချုပ်မောင်းနှင်ပါတယ် ။ လမ်းကောင်းသွားပြီး ကားဘီး တွေရဲ့ လည်ပတ်ကုတ်အား ညီမျှသွားတဲ့အခါ ပုံမှန် 2WD စနစ်ပုံစံ ပြန်ပြောင်းလဲသွားပါတယ် ။

4WD မှာတော့ ဒီလို ကားတစ်ဘီးခြင်းဆီကို စိတ်ကြိုက်မထိန်းချုပ်နိုင်ဘဲ ရှေ့နောက် စုံတွဲလိုက်သာ ထိန်းချုပ်မောင်းနှင်နိုင်ပါတယ် ။ ဒါကြောင့် AWD မှာ ကားရဲ့ ဘီးတစ်ဘီးခြင်းဆီရဲ့ လည်ပတ်ကုတ်အားတွေကို စိတ်ကြိုက်ထိန်းချုပ်မောင်းနှင် နိုင်တဲ့ အချက်တချက်ကလည်း 4WD မတူညီတဲ့ အားသာချက် တချက်ဖြစ်ပါ တယ် ။ ခြုံပြောရရင် 4WD တွေဟာ Off Road အခြေနေမှာ AWD တွေထက် စွမ်းဆောင်ရည်ပိုကောင်းပြီး ၊ လမ်းကောင်းမှာ အမြန်နှုန်းနဲ့ မောင်းနှင်တဲ့ အခြေနေမှာ AWD တွေက 4WD တွေထက် စွမ်းဆောင်ရည် ပိုကောင်းပြီး Safe ဖြစ်ပါတယ် ။

ဒါတွေက ကားမောင်းသူတိုင်း ကားအကြောင်းစိတ်၀င်စားသူတိုင်းသိထားသင့်တဲ့ 2 Wheel Drive ၊ 4 Wheel Drive နဲ့ All Wheel Drive တွေရဲ့ အခြေခံအကြောင်းဖြစ်ပါတယ် ။ ဒီအချက်တွေက ရှိရှိသမျှ 2 Wheel Drive ၊ 4 Wheel Drive နဲ့ All Wheel Drive တိုင်းမှာ အခြေခံအားဖြင့် ယေဘူယျတူညီတဲ့အချက်တွေကို စုစည်း တင်ပြထားတာပါ ။ ထုတ်လုပ်တဲ့ ကုမ္ပဏီ ကားအမျိုးအစား ၊ မော်ဒယ်တွေအပေါ်မူတည်ပြီး မျိုးတူ မူကွဲ ကွဲပြားခြားနားတဲ့ လုပ်ဆောင်ချက် ၊ ပုံစံ ၊ အမျိုးအစားတွေ အများကြီးရှိပါသေးတယ်။